ကိုယ်ဝန်ဆောင်ချိန် စိတ်ဖိစီးရင် ဘာတွေ ဖြစ်နိုင်လဲ
ကိုယ်ဝန်ဆောင်ကာလမှာ စိတ်လှုပ်ရှားတာရော၊ စိတ်ဖိစီးတာရော၊ စိုးရိမ်စိတ်များတာရော စတဲ့ စိတ်ခံစားမှု အမျိုးမျိုးကို ခံစားရတာက ပုံမှန်ပါပဲ။ ကျန်တဲ့ စိတ်ခံစားမှုတွေက ကိုယ်ဝန်အပေါ် သိသိသာသာ သက်ရောက်တာမျိုး မရှိပေမယ့် စိတ်ဖိစီးတာကတော့ ကိုယ်ဝန်အပေါ် သက်ရောက်မှုတွေ ရှိနေပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးတာက မေမေ့ကိုရော ဗိုက်ထဲက ကလေးလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန် စိတ်ဖိစီးမှုက ဘယ်လိုတွေ ထိခိုက်စေနိုင်လဲဆိုတာကို အတူတူကြည့်လိုက်ကြမယ်နော်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေက စိတ်ဖိစီးစေတာလဲ?
ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးစေတဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုမကပါဘူး။
- ဆယ်ကျော်သက် ကိုယ်ဝန်ဖြစ်နေတာ
- Single mother ဖြစ်နေတာ
- ငွေကြေးအခက်အခဲ
- ချစ်ခင်ရသူ တစ်ဦးဦးကို ဆုံးရှုံးရတာ
- ပတ်ဝန်းကျင်ရဲ့ ဖိအား
- စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာ ရှိတာ
- စိုးရိမ်စိတ်လွန်ကဲတာ
- ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိတာ
- အလုပ်ခွင်ဖိအား စတာတွေက ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန် စိတ်ဖိစီးရင် ဘာတွေ ဖြစ်နိုင်လဲ?
စိတ်ဖိစီးတာက သာမန်လူတွေမှာတောင် ခေါင်းကိုက်တာ၊ ကိုယ်ခံအား နည်းတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနို်ငပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးတာက
နေထို်င မကောင်းဖြစ်စေတာ - စိတ်ဖိစီးမှုကြောင့် အိပ်မပျော်တာ၊ အစားစားချင်စိတ် မရှိတာတွေက ရေရှည်မှာ ကိုယ်ခံအားကို ထိခိုက်စေပြီး နေထိုင်မကောင်း ဖြစ်စေနိုင်ပါတယ်။
အာဟာရ လုံလောက်အောင် မစားမိတာ - ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးပြီး အစားမှန်မှန် မစားတာ၊အာဟာရ လုံလောက်အောင် မစားတာတွေက မေမေရော ရင်သွေးလေးကို အာဟာရ မပြည့်ဝတာမျိုး ဖြစ်စေနိုင်ပါတယ်။
ပေါင်မပြည့်ဘဲ မွေးဖွားတာ - ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးတာက မေမေရဲ့ စားသောက်မှုပုံစံအပေါ် သက်ရောက်မှု ရှိနေပြီး ကလေးက အာဟာရ လုံလောက်စွာ မရရှိတာကြောင့် ပေါင်မပြည့်တဲ့ ကလေးလေးတွေ မွေးဖွားလာနိုင်ပါတယ်။
လမစေ့ဘဲ မွေးတာ - လေ့လာမှုတွေအရ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးတာက ကိုယ်ဝန်ဆောင် ကာလ ၃၇ ပတ်ထက်စောပြီ မွေးဖွားစေပြီး လမစေ့ဘဲ မွေးဖွားမှုကို ဖြစ်စေတယ်လို့ တွေ့ရှိရပါတယ်။
ကိုယ်ဝန်ဆိပ်တက်စေတာ - ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးတာ သွေးပေါင်တက်စေပြီး သွေးတိုးစေပါတယ်။ ဒီကနေမှ အချိန်ကြာမြင့်စွာ စိတ်ဖိစီးတာက ကိုယ်ဝန်ဆိပ်တက်တာကို ဖြစ်စေနိုင်ပါတယ်။
ကိုယ်ဝန်ပျက်ကျစေတာ - အဆိုးဆုံး အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးတာက ကိုယ်ဝန်ပျက်ကျစေနိုင်တာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှုတွေကို သိမ်းမထားပါနဲ့။
စိတ်ဖိစီးမှုကို ဘယ်လိုဖြေလျော့မလဲ
ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှု လျော့စေဖို့ဆိုရင်
- စိတ်ဖိစီးမှု ဖြစ်စေတဲ့ အကြောင်းအရင်းကို ရှာပါ
- ကိုယ့်ကိုယ်ကို ဖိအားမပေးပါနဲ့။ ဖိအားဖြစ်စေမယ့် အရာတွေကို လျှော့ချပါ
- ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ။ မေမေရော ရင်သွေးလေးပါ ကျန်းမာစေဖို့ အာဟာရ ပြည့်ဝအောင် စားပါ
- ခံစားချက်တွေကို ဖွင့်ဟပါ
- စိတ်ဖိစီးမှု ပြေလျော့စေမယ့် ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။
ရေးသားသူ - မွန်မွန်